0
ငါလည်း ရူးသွပ်လိုက်ချင်ပါတယ်
စိတ်တွေ အဟုန်ဖြန့်ပြီး မင်းအနားသို့ပေါ့
အသွေးအသားတွေနဲ့ နှလုံးခုန်သံက
ရပ်တန့်မရအောင် ခုန်ပေါက်နေတယ်
အင်းလေ… ငါမင်းကို သိပ်ချစ်တာကိုး…။ ။



ငါ့ကို အချစ်ကြီးတယ် ဆိုကြတယ်
ဒါပေမယ့် ငါ့ရူးသွပ်မှုတွေ မင်းမြင်လိုက်ရတာ
ရင်ထဲ ခံစားချက်ရဲ့ ၁၀ပုံ ၁ပုံတောင် မရှိသေးပါဘူး
မြင်တတ်အောင် ကြည့်စမ်းပါ
ငါ့အနာဂတ်တွေတိုင်း မင်းခြေလှမ်းနဲ့ ပုံဖေါ်နေတယ်
ဘာဖြစ်ဖြစ်… ငါမင်းကို တကယ်ချစ်ခဲ့တာကိုး…။ ။

တစ်ခါတစ်လေလည်း ကျဆုံးလိုက်တယ်
မင်း မျက်စောင်းတွေနဲ့ ငါ့ရင်ခုန်သံတွေ စစ်ဖြစ်တိုင်း
အသွေးအသား အင်အားတွေ နွမ်းလျသွားလောက်အောင်
ငါ..တကယ်ကို ကျဆုံးသွားခဲ့တယ်
ဟုတ်ပါတယ်.. မင်းမျက်စောင်းတွေက
ညို့အားပြင်းတာကိုး…။ ။

ကြိုမတွေးပါဘူး..
လက်တစ်စုံ ဖြစ်လာဖို့ မျှော်လင့်ချက်တွေက
တန်ဖိုးကြီးလွန်းတာ သိပါတယ်…
ဒီ့အတွက် ငါ့ အသွေးအသား၊ ရင်ခုန်သံ
အနာဂတ်တွေတိုင်း မင်းမှ မင်းဆိုတာလည်း
အင်း…. မျှော်လင့်ချက်တွေ ဖြစ်လာဖို့
မင်းပေးမယ့် လက်တစ်ဖက်ကို 
ကမ်းလှမ်းခြင်းပါကွယ်…
ငါ…မင်း…ကို…သိပ်…ချစ်..လို့…။ ။


 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top