0
ထပ်မဖွင့်တော့ဘူး .. ။
ငါ့ မာတိကာမှာ နင်ပါတဲ့ စာမျက်နှာနံပတ်တွေ မရှိတော့ဘူး .. ။
ငါ့ စာမျက်နှာမှာ နင့် မာတိကာတွေ ထပ်မပါတော့ဘူး ။
မျက်ရည်ကျဖို့ တွေးလိုက်တိုင်း ၊
မျက်ရည်ဆိုတာ မေ့လောက်အောင် ၊
မျက်ရည်တွေပဲ ထပ်ထပ် ကျလာတယ် ။

ပြန်မျှားပေးပါ
လှောင်အိမ်ထဲက မထွက်ချင်တဲ့ငှက်တွေကို

ထားလိုက်ပါတော့ ..
မလိုချင်ဘူး ..
ငါ့ ဆီမှာ မနေချင်လို့ .. လေကိုခွင်းပြီးပြီပဲ ..
သတိရရင်တောင် လှည့်မကြည့်နဲ့ ..
တကယ်တော့ .. နင်က ..
ငါ့ ပြဌာန်းချက်ထဲ မပါတဲ့ ရက်ရာဇာ ..

ငါ့ကို ဘုရားလဲ စူးခဲ့တယ်
မာရ်နတ်လဲ စူးခဲ့တယ် .. ငါ့ကို ...
မိန်းမတစ်ယောက်ပေးတဲ့
မီးအကျိုး(ဆယ်)ပါးနဲ့
ကြောင်ကန်းနေ...
လောင်ကျွမ်းနေ....
ငါ့ကို နင်ကိုယ်တိုင်လဲ စူးခဲ့တယ် ၊၊

ဖြစ်နိုင်ရင် သီချင်းသံ နည်းနည်းတိုးပေးပါ ။
ကျကွဲသွားတဲ့ ရင်ဘတ်အစအနတွေ လိုက်ကောက်ဖို့ ။
ဖြစ်နိုင်ရင် စကားသံ နည်းနည်းတိုးပေးပါ ။
တေ့လွဲ လွဲ နေတဲ့ ညကို ပကတိအတိုင်း ပြန်ဆက်ဖို့ ။
ဖြစ်နိုင်ရင် ဟိုဘက်နည်းနည်းတိုးပေးပါ ။
ကျကွဲသွားတဲ့ ညတွေထဲ ပကတိ အစအနတွေ ရင်ဘတ်ပြန်ကောက်ဖို့ ။
ဖြစ်နိုင်ရင် သီချင်းသံ နည်းနည်းတိုးပေးပါ ။

စိတ်ထဲမိနေတဲ့ အဆိပ်
အဆိပ်ထဲမိနေတဲ့ ငါ့စိတ်
ရာဇဝင်လေးကို
ဟော့ဒီလက်ဖဝါးနဲ့ လုံ(လောက်)အောင်
တစ်ကိုယ်တော် သိမ်းထုပ်ထားရတယ်
စိတ်ထဲမိနေတဲ့ အဆိပ်(ထဲမိနေတဲ့) ငါ့စိတ်တွေ ၊၊

အာဆင်းနစ် လက်တစ်ဆုပ်စာနဲ့ ကမ္ဘာတစ်ခြမ်း
မီးလောင်တိုက်သွင်းဖို့ မကြိုးစားနဲ့ ။
ဘယ်သူ သေသေ တစ်ခုခုမာရင် ပြီးရော မဟုတ်လား ။
နင့် နှုတ်ခမ်းတစ်ထပ်နဲ့ ကျိန်စာတွေ ရွတ်ဆိုလိုက် ။
ငါ ဆိုတာ ၊ ဆုတောင်းမကောင်းခဲ့တဲ့ တစ်ခြမ်းပြတ် သုည ။
သုညအဖြစ်တောင် ပြည့်ပြည့်၀၀ တန်ဖိုးမရှိတဲ့နောက် ၊
ငါ ဘုရားစူးတာပဲ ဖြစ်မှာပါ ။
( ဒါမှမဟုတ် )
( ငါ့ကို နင်ကိုယ်တိုင် စူးခဲ့တာပဲ ဖြစ်မှာပါ ။ )

......... ၊၊
ငါ့ ရင်ထဲ လာလာခြောက်နေတဲ့သက်တန့်တစ္ဆေမ ၊၊
ဘယ်ဖိနပ်ကိုစီးမလဲ
ဘယ်ထီးကိုဆောင်းမလဲ
အတိတ်ဟာ ပွဲပြီးမီးလောင်ပြဇာတ်တစ်ပုဒ်၊၊
လေထဲက လွင့်လာတဲ့ နှင်းဆီဂါထာ၊၊
ငါဟာ တနင်္ဂနွေတွေနဲ့ တစ်ကိုင်းထဲနား ၊၊
အရူးတစ်ခြမ်းဖြစ်နေတဲ့ ငါ ၊၊ ၊၊
အဲ့ဒီနည်း အဲ့ဒီဟန် နဲ့ ငါ့ ကို မ ကယ် ပါ နဲ့ ၊၊
..........၊၊

နှင်းတွေ ထပ်မကြွေပါစေနဲ့ ။
လူပြောများလို့ ထင်ပါရဲ့ ။
အဲသည့် နှင်းတွေတောင် အဖြူရောင် ခပ်ပေါ့ပေါ့ ။
မီးခိုးရောင် ခပ်ဖျော့ဖျော့ ။
ပတ်ကြားအက် လယ်ကွင်းတွေနဲ့ ငါတို့ မြို့လေးမှာ ၊
နင် မရှိလဲ ဖြစ်တယ် ။
နှင်းတွေ ထပ်မကြွေပါစေနဲ့ ။
ဘာသာဗေဒဆိုင်ရာ ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးစ ပြုနေတဲ့
ငါတို့ မြို့လေးမှာ ...
နှင်းတွေ ထပ်မကြွေပါစေနဲ့ ... နှင်း ... ။

ခရမ်းနုရောင် သတို့သမီး ရေ ..
ချုပ်ရိုးဖြည်စ ရင်ဘတ်ထဲက
ခြစ်ခြုတ်ဆွဲထုတ်ထားရတဲ့ ကဗျာတစ်ပုဒ် ...
ချစ်ခြင်းဖွဲ့တေးသွားလို သီကျူးဖို့ ဆက်အပ်လိုက်တယ် .. ။
နားဆင် ၊ နားဆင် ။
အနားသတ် ဆင်ယင်ထားတာတွေ ပြန်စီပြရရင် ..
ကဗျာတစ်ပုဒ်ထဲက ခြစ်ခြုတ်ဆွဲထုတ်ထားရတဲ့
ချုပ်ရိုးပြေစ ခရမ်းနုရောင် သတို့သမီး ။

နံရံပေါ်က ကွာကျလာတဲ့ငါ့နံရိုးမှာ နှင်းတွေနဲ့လား ...
တဖွဲဖွဲကျလာတဲ့ ငရဲနှင်းတွေလား ၊၊
ငါ့ ကို လောင်နေတဲ့ငရဲမီးကို
နင့်နာမည်ပါတဲ့ ငရဲရေနဲ့
မုန်းတီးနာကျင်စွာ ငြိမ်းသတ်ချင်နေတာ ၊၊
ဒါ ငရဲနှင်းတွေလား နှင်း ၊၊ ၊၊

 ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top