0
လူငယ်တစ်ယောက်ရဲ့ နေ၀င်နေထွက်တွေထဲ
အကြည့်ရဲရဲတွေကို တွန်းလှန်ဖို့
ကျွန်တော့ ရာဇ၀င်က အားမကောင်းသေးဘူး ပန်းဝီရီ...။

ကဗျာရေးတယ်ဆိုတာ
ရာဇ၀တ်မှုအကြီးကြီး ကျူးလွန်တာမဟုတ်သလို
ကောင်းမှုအကြီးကြီး ပြုတာလဲမဟုတ်ဘူး
စိတ်ရဲ့ အဖုံးကို ခဏလေး လှပ်ကြည့်ရုံသာဖြစ်ကြောင်း
ပန်းဝီရီ သိအောင် ကျွန်တော် ဘာသာပြန်ပြပါဦးမယ်လေ....။

ရာစုသစ်ရဲ့လောကဓံတရားတွေထဲ
ကျွန်တော်နဲ့ ပန်းဝီရီ
ကမ္ဘာတခြမ်းစီခြားလို့....။


မငိုပါနဲ့ ပန်းဝီရီ
လေယာဉ်ပျံကြီးစီးပြီး စွန့်ခွာထားခဲ့မဲ့
လောကရဲ့ကောင်းမြတ်ခြင်းတရားတွေထဲ
ပျော်သလိုသာနေခဲ့ပါ
ကျွန်တော်ကတော့
မိုးရာသီမရှိတဲ့ ကမ္ဘာတခြမ်းမှာနေရင်း
တနင်္ဂနွေနေ့ရဲ့ မိုးရေစက်တွေအကြောင်း
ထစ်ထစ်ချုန်းချုန်း စာလုံးပေါင်းနေပါဦးမယ်...။

ဇာတ်သိမ်းခန်း ကြိုသိနေတဲ့ ပြဇာတ်တပုဒ်ပါ ပန်းဝီရီ
အရိပ်က အရိပ်လိုနေတတ်ဖို့ကြိုးစားရင်း
ကျွန်တော် .. မီးနီမှ လမ်းဖြတ်ကူးပါတော့မယ်လေ

မေ့ပစ်လိုက်ပါ ပန်းဝီရီ
နာမည်ကျော် အညတရ တယောက်ဖြစ်အောင်ကြိုးစားနေတဲ့
လူမိုက်တစ်ယောက်ကို မေ့ပါ
အလင်းတို့ရဲ့အလျင်နှုန်းနဲ့
ကျွန်တော့ကို မေ့ပါ...။

ပြီးပါပြီ ...

Post a Comment

စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (သားကြီး)

 
Top